5:27 AM
0
တစ်ခါတုန်းက မြို့တစ်မြို့မှာ ပျော်ရွှင်စွာနေထိုင်နေတဲ့ ကျီးကန်းလေး တစ်ကောင်ရှိတယ်။ သူ့ဘ၀ကိုသူကျေနပ်ပြီး သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်ပဲလို့ သူထင်တယ်လေ။ ဒါပေမယ့် တစ်နေ့မှာ ရေထဲက ဘဲငန်းဖြူတစ်ကောင်ကို သူတွေ့တော့ သူတွေးလိုက်တယ် "အင်း.. ဒီဘဲငန်းရဲ့ အမွှေးအတောင်ဟာ အတော်ဖြူတာပဲ၊ သူဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်ပဲ ဖြစ်ရမယ်" ဆိုပြီး ဘဲငန်းကို သူသွားမေးတယ်။
.
"အသင်ဘဲငန်း သင်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက် မဟုတ်လား"
"အရင်တုန်းကတော့ အဲ့လိုထင်ခဲ့ပါတယ်၊ ဒါပေမယ့် ကြက်တူရွေးကို မြင်တဲ့အခါမှာတော့ သူဟာ အရောင် ၂ မျိုးစပ်ဖြစ်တာကြောင့်၊ ကြက်တူရွေးကသာ ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက် ဖြစ်နိုင်ပါတယ်" လို့ ပြန်ဖြေပါသတဲ့။
.
အဲ့ဒီနောက် ကျီးကန်းဟာ ကြက်တူရွေးထံသွားလို့ မေးမြန်းပြန်တယ်..
.
"အသင် ကြက်တူရွေး၊ သင်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်မဟုတ်လား"
"မဟုတ်ပါဘူး၊ ဒေါင်းက ကျွုန်ပ်ထက်ပိုမိုအရောင်အသွေး စုံလင်တာမို့၊ ဒေါင်းကသာ အပျော်ဆုံးငှက် ဖြစ်မှာပါ" လို့ ပြောလိုက်ပြန်သတဲ့။
.
ထိုအခါမှာလည်း ကျီးကန်းဟာ ဒေါင်းထံကို သွားပြန်တယ်။ ဒေါင်းဟာ တိရိစ္ဆာန်ရုံထဲမှာ လူအများရဲ့ စိတ်ဝင်စားမှု့ကို ခံရပြီး၊ လူအများအပြားက ဒေါင်းရဲ့ အလှကို ချီးကျူးနေကြသတဲ့။
.
"အဆွေဒေါင်း၊ သင်ထံကို တစ်နေ့၊ တစ်နေ့ လူတွေလာရောက်ပြီး၊ သင့်ရဲ့အလှအပကို ကြည့်ရှု့ခံစားကြရတယ်၊ သင်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်ဆိုတာ သေချာပါပြီ"
.
ထိုအခါ ဒေါင်းက
.
"အဆွေကျီး၊ ငါလည်း အရင်က ငါ့ရဲ့အလှအပကို ဂုဏ်ယူလို့၊ ငါဟာကမ္ဘာပေါ်မှာ ကျေနပ်ဖို့အကောင်းဆုံး ငှက်အဖြစ် ကိုယ့်ဟာကိုယ် ခံယူခဲ့တယ်၊ ဒါပေမယ့် ငါ့ရဲ့အလှအပကြောင့်ပဲ ငါဟာဒီလှောင်အိမ်ထဲမှာ ပိတ်လှောင်ခံထားရတယ်၊ ငါကတော့ ကျီးဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးငှက်လို့ပဲ ထင်တယ်။ ကျီးကို ဘယ်သူကမှ အလှမွေးဖို့ လှောင်အိမ်ထဲ ဖမ်းမထားကြဘူး၊ ကျီးရဲ့ဘ၀ဟာ လွတ်လွတ်လပ်လပ်နဲ့ သွားလာစားသောက်နိုင်တယ်။ အဲ့ဒီတော့ ကျီးဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်ပါပဲ" လို့ ဆိုလိုက်ပါသတဲ့။
.
သင်ခန်းစာ
.
ကျွန်ပ်တို့ဟာ မတူညီတဲ့ဘ၀တွေကို နှိုင်းယှဉ်ကြရင်း မိမိရဲ့အားနည်းချက်တွေအပေါ် ၀မ်းနည်းကြပြီး၊ သဘာဝက ပေးတဲ့မိမိရဲ့ပိုင်ဆိုင်မှု့တွေကို တန်ဖိုးထားဖို့ မေ့လျှော့သွားကြတယ်။ သတ္တ၀ါတိုင်းမှာ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိစမြဲမို့ မိမိရဲ့ဘ၀ကို တန်ဖိုးထားတတ်အောင်၊ တင်းတိမ်ရောင့်ရဲတတ်အောင် လေ့လာသင်ယူဖို့ လိုပါတယ်။ ကိစ္စရပ်တိုင်းမှာ သင့်ထက် အားသာတဲ့သူ၊ အားနည်းတဲ့သူဟာ အစဉ်အမြဲရှိနေမှာမို့ ကိုယ့်ဘ၀ကို ကျေနပ်တင်းတိမ်တက်သော သူသာ ကမ္ဘာပေါ်မှာ အပျော်ဆုံးသူ ဖြစ်မှာပါ။

ToTheTop
Cerdit>>MoMoLay
Next
This is the most recent post.
Older Post

0 အကြံပြုချက်:

Post a Comment